Tuesday, November 16, 2010

ဂီရိဒဏ်ခံ ဒေသများတွင် အပျက်အစီး စာရင်းမကောက်ခိုင်း


News: The irrawaddy


ခိုင်ပြည်နယ် ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ဒေသအတွင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးများ ကောက်ယူခြင်း၊ ထုတ်ပြန်ခြင်းများကို နိုဝင်ဘာ ၁၅ မကျော်မီ အထိ မပြုလုပ်ကြရန် စစ်အစိုးရက ညွှန်ကြား ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တနေရာ မြင်ကွင်း။ (ဓာတ်ပုံ - AP)
 ယင်းညွှန်ကြားချက်ကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများအပါအ၀င် အဖွဲ့အစည်းအသီးသီးသို့ ပေး ပို့ခဲ့ပြီး အကြောင်းပြချက် မပေးသော်လည်း ရွေးကောက်ပွဲကြောင့် ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် NGO အဖွဲ့တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ဂီရိမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသော မြေပုံမြို့နယ်တွင် ကူညီထောက်ပံ့မှုများ ယခုအထိ လုံလောက်စွာ မရရှိသေးကြောင်း သိရသည်။

“
အခုချိန်အထိကို အမိုးအကာလုံလုံခြုံခြုံနဲ့ မနေနိုင်ကြသေးဘူး။ တချို့လည်း ရွက်ဖျင်တဲနဲ့။ ရွက်ဖျင်တဲ မရတဲ့သူတွေကလည်း  ၀ါးလေးတိုင်မှာ ဖျာတွေမိုးကာပြီး နေကြရတယ်။ ကျနော်တို့ ဒေသမှာ အမိုးအကာအဖြစ် အသုံးများတဲ့ အုန်းဓနိပင်တွေကလည်း အကုန်ပြိုလဲကုန်တော့ အမိုးအကာအတွက်ကို ပစ္စည်းမရကြသေးပါဘူး။ အစိုးရက ပေးတယ်ဆိုတဲ့ သွပ်တို့ ဘာတို့ဆိုတာကလည်း လူထုအတွက် မပါဘူးလေ။ သူတို့ အစိုးရရုံးတွေ အတွက်ပဲ ပါတာကိုး” ဟု မြေပုံမြို့နယ် ဒေသခံတဦးက ပြောသည်။

အဆိုပါ ဒေသခံက “ထမင်းနပ်မှန်အောင် စားရဖို့တောင် မလွယ်ပါဘူး။ နယ်ကလူတွေ မြို့တက်လာပြီး တောင်းရမ်းစားနေရတဲ့ အခြေအနေအထိကို ဖြစ်နေပါတယ်။ NGO အဖွဲ့တွေက လာလှူတာတော့ ရှိပါတယ်။ ဒါပေမယ့် လုံလောက်အောင် မရကြသေးပါဘူး။ တပတ်လောက်နေမှ ဆန် နို့ဆီဘူး ၄ ဘူးလောက်ပဲ ရပါတယ်။ အစိုးရဘက်ကတော့ အကူအညီပေးတာ မရှိပါဘူး” ဟု ဆက်လက် ပြောသည်။

မြေပုံမြို့နယ်အတွင်းရှိ ငါး၊ ပုစွန်ကန်များနှင့် လယ်မြေများအတွင်း ပင်လယ်ဆားငန်ရေ ၀င်ရောက် ခဲ့သည့် အပြင် ငါးဖမ်းလှေနှင့် ပိုက်များလည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သဖြင့် အသက်ဆက် ရပ်တည်ရန် အခက် အခဲရှိနေကြောင်း သိရသည်။

မုန်တိုင်းဒဏ်ခံ ဒေသခံများအား အကူအညီပေးရန် လုံလောက်သော ထောက်ပံ့ရေးပစ္စည်းများ မရှိသေးကြောင်း မြေပုံနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသော မင်္ဂလာမြန်မာ NGO အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းက ပြောသည်။

“
မြေပုံနဲ့ ကျောက်ဖြူမြို့နယ် ကျေးရွာတွေက အိမ်ထောင်စု ၃၀၀၀ လောက်ကို ဆန်ဖြန့်ဝေပေးနိုင်ဖို့ လုပ်နေတာ။ အခုအချိန်အထိ အိမ်ထောင်စု ၁၀၀၀ လောက်ကိုပဲ ဆန်ဖြန့်ဝေနိုင်ပါသေးတယ်။ ရေသန့်နဲ့ အိမ်သာတွေ ရနိုင်ဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ လက်တွဲ လုပ်ဖို့ရှိတယ်။ ဒါပေမယ့် UN အဖွဲ့အစည်းတွေနဲ့ လက်မှတ်မထိုးရသေးလို့ ဘယ်ရွေ့ဘယ်မျှအထိ လုပ်နိုင်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ ကျနော်တို့ အဖွဲ့အနေနဲ့တော့ ပျက်စီးဆုံးရှုံးတဲ့ ဒေသတခုလုံးနဲ့ နှိုင်းဆကြည့်ရင် အခုချိန်မှာ ၅ ရာခိုင်နှုန်းလောက်ပဲ လုပ်ပေးနိုင်ပါသေးတယ်” ဟု ဒေါက်တာဖုန်းဝင်းက ဆိုသည်။

မကြာသေးမီက မြေပုံမြို့နယ်အတွင်း ကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ သော သံဃာတော်တပါးကလည်း “ဦးပဉ္ဇင်းတို့ သွားလှူတဲ့ မြေပုံမြို့နယ် ကျွန်းသာယာဘက်မှာ ဗျူဟာမှူး ကိုယ်တိုင် ထိုင်နေပြီး လာလှူတဲ့ အဖွဲ့တွေအားလုံးကို ဘာတွေ လှူမယ်၊ ဘယ်တွေသွားမယ်ဆိုတာ စာရင်း တောင်းတယ်။ ဦးပဉ္ဇင်းတို့ကို အနှောင့်အယှက် အတားအဆီးတော့ မရှိဘူး။ ဒါပေမယ့် ဦးပဉ္ဇင်းတို့ သွားလေရာ လိုက်ဖို့ စစ်သား ၂ ယောက် ထည့်ပေးလိုက်တယ်” ဟု မိန့်သည်။

အောက်တိုဘာ ၂၂ ရက်နေ့က ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မြေပုံ၊  ပေါက်တော စသည့်ဒေသများသို့ တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။

ဂီရိ မုန်တိုင်းကြောင့် အိမ်ခြေ ထောင်ပေါင်းများစွာပျက်စီး ဆုံးရှုံးခြင်း၊ စပါးခင်းများ ရေလွှမ်းခံရခြင်း၊ ဆားကွင်းများ ပျက်စီးခြင်း၊ တာတမံများ ကျိုးပေါက်ခြင်းတို့ ဖြစ်ခဲ့ပြီး လူ ၈၀ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း NGO အဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။

0 comments:

Post a Comment

 

Giri Relief for © 2010.