News:Mizzima
ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းဒဏ်ခံ ဒေသများတွင် ပြန်လည် ကယ်ဆယ်ရေး အဆင့်သာ ရှိသေးပြီး ထူထောင်ရေးအဆင့် မရောက်သေးကြောင်း လေဘေးအကူအညီပေးရေး အဖွဲ့များက ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အပါအဝင် NGO အဖွဲ့များ၊ လူမှုကူညီရေးအသင်းများက စားဝတ်နေရေး အကူ အညီများ ပေးနေသော်လည်း ၇ဝ ရာနှုန်းကျော် လိုသေးကြောင်း မြေပုံမြို့တွင် လေဘေး ကယ်ဆယ်ရေး ကွင်းဆင်း ဆောင်ရွက်နေသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။
“အကူအညီတွေ မရောက်သေးတဲ့နေရာတွေကလဲ အများကြီးရှိသေးတယ်၊ ရောက်တဲ့နေရာတွေကျတော့လဲ မလောက်မငှဖြစ်နေတယ်။ လောလောဆယ်စားဖို့နဲ့ အမိုးအကာအောက် ရောက်ဖို့တောင် မလွယ်သေးဘူး။ ” ဟု သူက မဇ္ဈိမကို ပြောသည်။
အောက်တိုဘာ ၂၂ ရက်က ၁ နာရီလျှင် မိုင်၁၂ဝ နှုန်းဖြင့် ဂီရိ မုန်တိုင်း တိုက်သွားသည့် ရခိုင်ကမ်းရိုးတန်း မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် လူအသေအပျောက်နှင့် အိုးအိမ်ပျက်ဆီးမှုများ ရှိခဲ့သည်။
လူဦးရေ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူဦးရေ နှစ်သိန်းခြောက်သောင်းနှင့် ၁၈ နှစ်အောက် ကလေး လူငယ် တသိန်းကျော် ဒုက္ခရောက်ခဲ့ရသလို လေဘေးသင့် ဒုက္ခသည်များ ကျန်းမာရေး စောင့်ရှောက်မှု အတွက်လည်း အမေရိကန်ဒေါ်လာ နှစ်သန်းကျော်လိုနေကြောင်း ယခုလ ဒုတိယပတ်က ရန်ကုန် အခြေစိုက် ကုလသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည်။
ကလေးများအတွက် စာသင်ကျောင်းနေရာ ၁၅ဝ ယူနီဆက်က ပြန်ဆောက်ပေးသွားမည်ဟု သိရသည်။
ပြန်လည် ထူထောင်ရေးများ လုပ်နေသော်လည်း လိုအပ်နေသေးကြောင်း ရန်ကုန် ကုလသမဂ္ဂရုံး ပြောခွင့် ရပုဂ္ဂိုလ် ဦးအေးဝင်းက ပြောသည်။
“ကယ်ဆယ်ရေး အဆင့်ကတော့ လုပ်နေတုန်းပဲ။ ဒါပေမယ့် သူတို့အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ အတွက် တော်တော်လေး အားစိုက်ရဦးမှာပါခင်ဗျ” ဟု သူက မဇ္ဈိမကို ပြောသည်။
“အဓိကကတော့ အိမ်တွေအမြန်ဆုံးပြန်ဆောက်ပေးဘို့ အရေးကြီးတယ်။ ပြီးတော့ ငါးဖမ်းလုပ်ငန်းဆိုရင် လှေထောင်ပေါင်းများစွာ ပျက်စီးသွားပြီ။ ” ဟု ဦးအေးသာအောင်က ပြောသည်။
လတ်တလော နောက်ထပ် မုန်တိုင်းတခု ဆက်ဝင်လာပါက ဒေသခံ ပြည်သူများ ရှောင်တိမ်းရန် အကာ အကွယ် ခိုင်ခိုင်မာမာ မရှိကြောင်း သူက ဆက်ပြောသည်။

0 comments:
Post a Comment