Monday, October 25, 2010

လူမှုရေး အဖွဲ့အစည်းအချို့ ကူညီရန်ပြင်


ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းသင့် မြို့နယ်များတွင် အရေးပေါ် အကူအညီများ လိုအပ်နေပြီး လူမှုရေး အဖွဲ့အစည်းအချို့နှင့် တစ်နိုင်တစ်ပိုင် အလှူရှင်များမှ ကူညီရန် စတင် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ ၂၄ ရက်နေ့အထိ ရရှိသော သတင်းများအရ မြေပုံမြို့နယ်မှာ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့ကြောင်း၊ အခြားသော မြို့နယ်များတွင် ပျက်စီးဆုံးရှုံးမှုများစွာ မရှိခဲ့သော်လည်း အစားအသောက် ကဲ့သို့သော အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

''ဆန်အိတ် ၁၀၀ ကို ရခိုင်သဟာယအသင်းက လှူတယ်။ ဆန်အိတ်တွေကို ဒီနေ့ညနေ တောင်ကုတ်ကနေ ကျောက်ဖြူကို အရောက်ပို့မယ်။ သံဃာ အပါး ၁၀၀၀ ကျော် အတွက် MDG က အစားအသောက် လာလှူ ထားတယ်။ မြင်းခြံ One Star ဆေးလိပ်ခုံက ဆန်အိတ် ၅၀ လာ လှူထားတယ်''ဟု ကျောက်ဖြူမြို့နယ် အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး အနေဖြင့် အနည်းငယ် ခက်ခဲမှုများ ရှိနေကြောင်း သိရသည်။

        ''မနေ့ညနေကတစ်ဖွဲ့ ရန်ကုန်က စထွက်တယ်။ သူတို့ ဒီနေ့ တောင်ကုတ်ကနေ ခရီးဆက်မယ်။ တောင်ကုတ် အထိတော့ ချောချောမောမော ရောက်ပြီး နောက်ပိုင်းလည်း သွားနိုင်မယ်လို့ ဆိုတယ်။ လမ်းပန်း အခြေအနေတော့ သေချာ မသိရသေးပါဘူး။ ဒါကြောင့် ပစ္စည်းအများကြီး မယူနိုင်ဘဲ အရေးပေါ်လောက်ပဲ ယူသွားနိုင်တယ်။ မြေပုံ၊ ပေါက်တော၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ တို့ကို သွားဖို့စီစဉ်ထားတယ်။ ဒီနေ့ နေ့လယ်တစ်ဖွဲ့၊ ညနေမှာ တစ်ဖွဲ့ ထပ်ထွက်ပါမယ်''ဟု မင်္ဂလာမြန်မာမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

''အဓိကအားဖြင့်တော့ မြို့ပေါ်ထက် ကျွန်းရွာတွေဘက်ကို ဦးတည်ထားတယ်။ ကျောက်ဖြူ၊ မင်းပြား၊ ပေါက်တော၊ မြေပုံကို အဓိကထားပြီး ပို့ပေးဖို့ စီစဉ်နေတယ်။ ရန်ကုန်မှာ လက်ခံရရှိတဲ့ အလှူတွေကို ကျောက်ဖြူနဲ့စစ်တွေကို ကား လမ်းကနေပို့မယ်။ လာရောက်လှူဒါန်း လိုတယ်ဆိုရင် ဖုန်း ၀၁-၄၃၀၁၇၂ ကို ဆက်သွယ်နိုင်ပါတယ်''ဟု ရခိုင်သဟာယ အသင်းမှ ဦးမျိုးဆွေက ပြောပြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန မီးသတ်ဦးစီးဌာန(ရုံးချုပ်) တွင် အောက်တိုဘာလ ၂၃ ရက်နေ့က မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လှူဒါန်းပွဲတစ်ရပ်ကို ကျင်းပ ခဲ့သည်ဟု သိရှိရသည်။

0 comments:

Post a Comment

 

Giri Relief for © 2010.