Thursday, October 28, 2010

မြေပုံမြို့ ရဲ့ နောက်ဆုံးအခြေအနေတွေ


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖေသန်း ဗွီအိုအေနင့်အင်တာဗျူး

“ဒီနေ့မနက် အသေအပျောက် စာရင်းက ၉၃ ယောက် ရှိပါတယ်။ ရွာတွေကတော့ မြေပုံမြို့နယ်မှာ ၈၀% ပျက်စီးသွားပါတယ်။ အခုချိန်ထိ အမိုးအကာ မရှိဘဲ နေရပါတယ်၊ အကုန်လုံး။ အဓိက ပြဿနာက စားရေး သောက်ရေး ဖြစ်ပါတယ်။ တောရွာက လူတွေက မြို့ပေါ်တက်ပြီး သက်ဆိုင်ရာတွေမှာ ဆန်တောင်းနေကြတယ်။ သက်ဆိုင်ရာကလည်း ဆန်တွေကို နည်းနည်း ဝေပေးနေတာ ရှိပါတယ်။ ဒါပေမဲ့ တနပ်စာ၊ နှစ်နပ်စာပေါ့။

“အခု ၇ ရက်လောက်ရှိတဲ့ အတောအတွင်းမှာ ကိုယ့်ဟာကိုယ်ပဲ တခြားနည်းနဲ့ ရှာစားနေရတယ်။ ငတ်တလှည့်၊ ပြတ်တလှည့် အဲဒီလို အခြေအနေမျိုး ရှိပါတယ်။ အမိုးအကာရယ်၊ စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ်၊ အဲဒါတွေ အများကြီး လိုအပ်နေပါတယ်။ ဆေးရုံကတော့ သွပ်ခေါင်မိုးတွေ လန်သွားပါတယ်။ အခုချိန်ထိ ပြင်တာတော့ မတွေ့သေးပါဘူး။ စာသင်ကျောင်းတွေလည်း အမိုးအကာမရှိ ဖြစ်နေတယ်၊ ကျောင်းတွေလည်း ပိတ်ထားရတယ်။ ဘုန်းကြီးကျောင်းတွေလည်း သွပ်ခေါင်မိုးတွေ မရှိဘူး။ အကုန်လုံး အမိုးအကာမရှိဘဲ ဖြစ်နေပါတယ်။”

“ရွက်ဖျင်တဲတွေတော့ နည်းနည်းပါးပါး ပေးနေတာ တွေ့ပါတယ်။ အမိုးအကာ စီစဉ်ပေးဖို့က ဓနိကလည်း မရှိဘူးခင်ဗျ။ သွပ်တွေကလည်း မရှိပါဘူး။ ဈေးတွေကလည်း အရမ်းပဲ မြင့်တက်သွားပါတယ်။ အဲဒါကြောင့် အမိုးအကာကတော့ ပိုက်ဆံရှိတဲ့ သူတွေမှ နည်းနည်း ပြန်ပြီး လုပ်နိုင်ပါတယ်။ ဆင်းရဲသားတွေကတော့ နေပူကျဲကျဲ၊ မိုးထဲလေထဲမှာပဲ အဲဒီလို နေကြရတာ များပါတယ်။ လမ်းဘေးတွေမှာလည်း အမှိုက်ပုံတွေနဲ့ မြို့ကလည်း သန့်သန့်ရှင်းရှင်း မရှိပါဘူး။ မီးဘေးအန္တရာယ်လည်း စိုးရိမ်နေရပါတယ်။” 

“NGO အဖွဲ့တွေတော့ ရောက်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ သူတို့က ဒီမှာလာပြီး ကြည့်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ကြည့်လိုက်လို့ မရရင်တော့ သူတို့အနေနဲ့ ဘယ်လို ဆက်လုပ်မယ်ဆိုတာ မသိပါဘူး။ မယကတို့ အာဏာပိုင်တို့ကို သူတို့က တိုက်ရိုက် ပေးချင်ပုံ မရဘူး။ ဒီမှာ လူမှု အထောက်အကူပြုအဖွဲ့ ဆိုတာ တခုရှိပါတယ်။ နာရေးကူညီမှု အသင်းပေါ့။ အဲဒီအဖွဲ့အစည်းကလည်း မယကရဲ့အောက်မှာ လှုပ်ရှားနေရတော့ သူတို့ကတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ မရဘူးခင်ဗျ။ အဲဒါကြောင့် အလှူတွေက ထိထိရောက်ရောက် မရောက်နိုင်တဲ့ အခြေအနေ ရှိပါတယ်။” 

0 comments:

Post a Comment

 

Giri Relief for © 2010.